အိုမင်းရင့်ရော်မှု ကင်းဝေးပြီး သက်ရှည်နုပျိုစေမည့် အစားအစာများ
01-Mar-2017
အပြာရောင် ဘယ်ရီသီးမှာပါဝင်တဲ့ ဖလေဗိုနွိုက်ဓာတ်ဟာ ပမာဏ အလွန်များတာကြောင့် မှတ်ဉာဏ်ကောင်းစေပါတယ်။ ဦးနှောက်ရဲ့ Short – term နဲ့ Long – term မှတ်ဉာဏ်ပျောက်ဆုံးတာတွေမှာ အသုံးတည့်တဲ့အပြင် အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စပျစ်သီးအနီရဲ့ ပါဝင်တဲ့ပစ္စည်းဖြစ်တဲ့ Resveratrol ဓာတ်ဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး အသားအရေ လှပကြည့်ကောင်းစေပါတယ်။ လေ့လာတွေ ့ရှိချက်တွေအရ ရတ်စ်ဗီရာထရောဓာတ်ဟာ UV radiation ကို ကာကွယ်ပြီး အရေပြားကင်ဆာမဖြစ်အောင် တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ကောက်နှံစာတစ်ခုလုံးပါဝင်ပြီး ပရိုတင်းဓာတ် ကြွယ်ဝတဲ့ မုယောစပါးကို စားပါ။ ပဲတွေဟာ အူထဲမှာရှိနေတဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးပြီး ကင်ဆာဖြစ်ဖို့ အစပျိုးနေတဲ့ ပစ္စည်းတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပဲတွေဟာ ဖောလိတ်ဓာတ် ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပြီး အသားအရည် လှပအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။
အရိုးပွရောဂါ ကာကွယ်ဖို့အတွက် ဒိန်ခဲအပျော့တွေထက် ကယ်လ်စီယမ် ပိုမိုပါဝင်တဲ့ ဒိန်ခဲအမာစားတာက ပိုပြီးထိရောက်ပါတယ်။ ပန်းသီးဟာ ရေမှာပျော်ဝင်တဲ့ အမျှင်ဓာတ် Pectin ပါဝင်တာကြောင့် သွေးကြောထဲမှာ ကိုလက်စထရော များနေခြင်းမှ ကာကွယ်ပေးပြီး နှလုံးတိုက်ခိုက်ခံရခြင်းကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ပန်းသီးရဲ့ ရေမှာ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းကို အထောက်အပ့ံပေးပါတယ်။လေ့ကျင့်ခန်း မလုပ်ခင် အုတ်ဂျုံမှုန့်ကို စားပေးတာဟာ လေ့ကျင့်ခန်းလုပ်တဲ့ တစ်လျှောက်လုံး သင့်ကို စွမ်းအင်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ လေ့ကျင့်ခန်း လုပ်ရင် အဆာပြေစာအဖြစ် စားတဲ့အာဟာရ ကစီဓာတ်၊ ပရိုတင်းဓာတ်နဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာ ပါဝင်သင့်တယ်လို့ သိရပါတယ်။ ဒီလိုမျိုးဓာတ်တွေဟာ မြေပဲထောပတ်တွေမှလည်း ရယူနိုင်ပါတယ်။
ဂျင်းဟာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့အပြင် သဘာဝအရ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့အစွမ်းတွေရှိတာကြောင့်လေ့ကျင့်ခန်းလုပ်ပြီးလို့ ခံစားရတဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေတယ်လို့ သိရပါတယ်။ အဆီနည်း နို့ချောကလက်တစ်ခွက်ဟာ ကစီဓာတ်ကနေ ပရိုတင်းဓာတ်အထိ ပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီး အားအင်ပြည့်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ဖျားနာတဲ့အခါ ကြက်စွပ်ပြုတ် ပူပူ နွေးနွေးတစ်ခွက်လောက် သောက်လိုက်တာဟာ လိုအပ်တဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ
ကြက်စွပ်ပြုတ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောင်ရမ်းမှုတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် အအေးမိဝေဒနာ သက်သာနိုင်တယ်လို့ သိရပါတယ်။ ဖျားနာတဲ့ အချိန်ကို တိုတောင်းစေပြီး ဝေဒနာတွေကိုလည်း လျော့ပါးစေတယ်လို့ပါ။
အိပ်ချိန်နည်းခြင်းဟာ အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို မြန်စေပြီး သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနှင့် စိတ်ကျရောဂါတွေအထိ ဆက်စပ်နေတယ်လို့ ဆေးပညာလေ့လာချက်တွေအရ သိရပါတယ်။ သေချာကြိတ်ချေပြီး ဖျော်ထားတဲ့ ချယ်ရီသီးဖျော်ရည် တစ်ခွက်ဟာ အိပ်ချိန်ကို ကြာရှည်စေတယ်လို့ သိရပါတယ်။ဖလေဗိုနွိုက်ဓာတ် ကြွယ်ဝတဲ့ အစာတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ လက်ဖက်တို့ဟာ H.pylori ရောဂါပိုးကို တားဆီးပေးပြီး အစာအိမ်ရောဂါကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ Spinach ဟာ မဂ္ဂနီဆီယမ်ဓာတ် အလွန် ကြွယ်ဝတာကြောင့် ကြွက်သားနဲ့ အာရုံကြော လုပ်ငန်းတွေကို ထိန်းညှို့ပေးပြီး သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင် ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
သံဓာတ်ဟာ သွေးနီဥဆဲလ်တွေဆီ အောက်ဆီဂျင် လာရောက်ပေါင်းစပ်ဖို့ ကူညီတဲ့ နေရာမှာ အရေးကြီးတဲ့ သတ္တုဓာတ်ဖြစ်ပါတယ်။ မောပန်းနွမ်းနယ်လွယ်တာ၊ အလုပ်လုပ်ရာမှာ စိတ်မပါတာ၊ ကိုယ်အလေးချိန်မမှန်တာ စတာတွေဟာ သံဓာတ်အားနည်းတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေမှာ အသည်းအမျိုးမျိုးဟာ ဦးစားပေး အစားအစာပါ။ အသည်းစားရမှာ မနှစ်သက်တွေသူကတော့ ပဲဖြူလေးကို အစားထိုးပြီး စားနိုင်တာပါ။ ပဲဖြူလေးဟာ သံဓာတ်အပြင် ကော့ပါးဓာတ်၊ ဖောလိတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။
မာလကာသီးကို ဖျော်ရည်အဖြစ် လက်ဖက်ရည် တစ်ပန်းကန်လုံးစာ သောက်တာဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ပမာဏကို ရရှိစေပြီး Free radical ကြောင့်ဖြစ်လာတဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါတွေကို ကာကွယ်ပေးပြီး အရေပြား၊ အရိုးအဆစ်တွေနဲ့ သွားတွေအတွက် အရေးပါတဲ့ ကော်လာဂျင်တွေ ဖြစ်ပေါ်တဲ့ နေရာမှာလည်း ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ ကိုက်လန်ဟာ ဗီတာမင် ကေ ရရှိတဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့အတွက် သွေးကျဲစေတဲ့ အစွမ်းရှိပြီး သွေးကြောပိတ်တာတွေမှ ကာကွယ်ပေးပါတယ်။ အရိုးတွေ သန်မာအောင် ကူညီနိုင်တဲ့အပြင် ဆီးကျိတ်ကင်ဆာကိုလည်း ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ ကိုက်လန်ကို စားတဲ့အခါ အစိမ်းစားတာထက် ကြော်ချက်စားတာက ပိုပြီးတော့ ထိရောက်ပါတယ်။
ဆလပ်ရွက်ဟာ အာဟာရများစွာ ကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်တဲ့အပြင် အလွယ်တကူစားသုံးလို့ရပြီး ခံတွင်းရနံ့ ကောင်းစေတဲ့ အစွမ်းလည်းရှိပါတယ်။ ဒါကြောင့် ခံတွင်းရနံ့ပျောက်ဆေးတွေ အသုံးပြုမယ့်အစား ဆလပ်ရွက်အသုပ် တစ်ပန်းကန်လောက် စားပြီး ခံတွင်းရနံ့အတွက် ဖြေရှင်းသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2013, Pg.182